Sunday, 11 March 2012
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် (Whale Shark) ဝေလငါးမန်းနှစ်ကောင် သောင်တင်သေဆုံး
ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တောမြို့နယ် ဘင်္ဂလားပင်လယ် ကမ်းခြေတစ်နေရာ တွင် သောင်တင် သေဆုံးနေသော ဝေလငါးမန်း(Whale Shark) နှစ်ကောင်ကို မတ်လ ၇ ရက်နေ့နံနက် ၉ နာရီခွဲ အချိန်တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဝေလငါးမန်း (ငါးမန်း ဖလောင်း)ကို မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာအုပ်စု ခွဆုံချောင်းအနီး ပင်လယ်ကမ်းခြေတွင် သောင်တင် သေဆုံးလျက်တွေ့ ရှိခဲ့ရကြောင်း သိရသည်။ အဆိုပါ ဝေလငါးမန်းကြီးများကို ရေလုပ်သားများက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် သတင်းပေးချက်အရ ခရိုင်ငါးလုပ်ငန်းမှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ဝေလငါးမန်း မှာ အထီး၊ အမ စုံတွဲ နှစ်ကောင်ဖြစ်ပြီး အထီးမှာ အလျား ၂၁ ပေ၊ လုံးပတ် ၁၂ ပေ ရှိကာ အမမှာအလျား ၁၈ ပေ ၈ လက်မ၊ လုံပတ် ၈ ပေ ရှိကြောင်း သိရသည်။ အဆိုပါ ဝေလ ငါးမန်းနှစ်ကောင်ကို အရိုးစုရယူရန် ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
“ဒီဝေလငါးမန်းတွေက ရခိုင်ကမ်းရိုးတန်းမှာ ကျက်စားနေတဲ့ ငါးဖြစ်ပြီး ငါးလုပ်ငန်းက ဖမ်းဆီး ခွင့်မပြုတဲ့ ငါးမျိုးဖြစ်ပါတယ်။ ဒီ အကောင်တွေက ရေလုပ်သားတွေ ပိုက်မှာ ဖမ်းမိပြီးမှ လွှတ်လိုက်လို့ သောင်တင် သေဆုံးတာလို့ ယူဆလို့ ရပါတယ်။ အခုတွေ့တဲ့ ဝေလငါးမန်း ခေါ် ငါးမန်းဖလောင်း နှစ်ကောင်ရဲ့ အရိုးစုရရှိရေးအတွက် ဆောင်ရွက်နေပါတယ်။ နောက်ဒီလိုငါးမျိုးတွေကို ဖမ်းဆီးခြင်း မပြုအောင်၊ မတော်တဆ ဖမ်းမိရင်လည်း အမြန် အရှင်ပြန်လွှတ်ဖို့၊ ငါးလုပ်ငန်းဦးစီးဌာနကို သတင်းပို့ဖို့စတဲ့ ကြေညာချက်ကိုလည်း ပင်လယ်ကမ်းခြေမှာရှိတဲ့ ကျေးရွာတွေကို ထုတ်ပြန်ဖို့ ဆောင်ရွက်နေပါတယ်”ဟု ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးနိုင်ဝင်းသိန်း က ပြောကြားသည်။
ရခိုင်ကမ်းရိုးတန်းတွင် ဝေလငါးများ၊ ဝေလငါးမန်းများ ကျက်စားလျက်ရှိခဲ့ပြီး ယခုအခါရှားပါး သွား ပြီးဖြစ်ကြောင်းနှင့် ဝေလငါးနှင့် ငါးမန်းများ ဖမ်းဆီးရောင်းချခွင့်ကို တားမြစ်ထားကြောင်း သိရသည်။
EMG
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)


သိခွင့်ရတာ ကျေးဇူးတင်ပါတယ်။
ReplyDelete